အစ္စလာမ်ခေတ်မတိုင်မီ အာရေးဘီးယားရှိ ဘာသာတရား
From Wikipedia, the free encyclopedia
အစ္စလာမ်ခေတ်မတိုင်မီ အာရေးဘီးယားရှိ ဘာသာတရား၌ ထိုဒေသရှိ မူလဇာတိနတ်များစွာကို ကိုးကွယ်ယုံကြည်မှု အယူအဆများပါဝင်၍ ခရစ်ယာန်၊ ဂျူး၊ မန်ဒါအီးယ၊ အီရန်ဘာသာတရားများဖြစ်သော ဇိုရိုရက်စထရာဘာသာ၊ မစ်သရာဘာသာ၊ မန်နီခီးဘာသာ စသည်များလည်းပါဝင်သည်။ အစ္စလာမ်ခေတ်မတိုင်မီ အာရေးဘီးယား၌ လွှမ်းမိုးသော နတ်အများအပြားကိုးကွယ်သည့် အယူဝါဒသည် နတ်ဒေဝါများ၊ နတ်များကို ကိုးကွယ်ပူဇော်ခြင်းပေါ်တွင် အခြေခံသည်။ ထိုကိုးကွယ်ပူဇော်ကြသော နတ်များတွင် မက္ကာရှိ ကာ့ဘာအဆောက်အဦးကဲ့သို့သော ဒေသတွင်း နတ်ကွန်းများ၊ နတ်ကျောင်းဆောင်များ၌ ဟူးဘယ်လ်နှင့် နတ်သမီးများဖြစ်သည့် အာလတ်၊ အတ်လာစာ၊ မူနတ်တို့ပါဝင်သည်။ ဘုရားဖူးသွားခြင်း၊ ရှေ့ဖြစ်ဟောခြင်း၊ ယဇ်ပူဇော်ခြင်းများအပါအဝင် ရိုးရာဓလေ့ထုံးတမ်း အသွယ်သွယ်ဖြင့် နတ်ဒေဝါများကို ကိုးကွယ်ပူဇော် တိုင်တည်ကြသည်။ မက္ကာရှိဘာသာရေးတွင် အလ္လာဟ်၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ များစွာသော သဘောတရားများကို အဆိုပြုခဲ့ကြသည်။ အစ္စလာမ်မတိုင်ခင် နတ်များ၏ ရုပ်ပိုင်းဆိုင်ရာဖော်ပြချက်များကို ခြေရာကောက်ပါက အထူးသဖြင့် ကာ့ဘာအနီးနားရှိ ရုပ်တုများဖြစ်ကြပြီး ကာ့ဘာတွင် ရုပ်တုပေါင်း (၃၆၀) အထိရှိသည်ဟုဆိုကြသည်။
အခြားဘာသာရေးများတွင် များပြားသည့် နတ်(အငယ်)များကို တင်ဆက်ဖော်ပြထားသည်။ အနီးကပ်လျက် ရှိကြသော ရောမ၊ အားက်ဆန်၊ ဆန်ဆေးနီးယန်း အင်ပါယာတို့၏ လွှမ်းမိုးမှုများသည် အာရေးဗီးယားဒေသ၏ အနောက်မြောက်၊ အရှေ့မြောက်၊ တောင်အရပ်တို့တွင် ခရစ်ယာန်ဘာသာလူအသိုင်းအဝိုင်းများကို ဖြစ်ပေါ်စေခဲ့သည်။ ခရစ်ယာန်ဘာသာသည် ထိုးဖောက်အကျိုးရောက်မှုနည်းပါးသော်လည်း ထိုကျွန်းဆွယ်ရှိ ကျန်ရှိသောအပိုင်းတွင် အချို့သော (ခရစ်ယာန်)ဘာသာကူးပြောင်းမှုများကို ခိုင်မာစေခဲ့သည်။ ပါရှန်းပင်လယ်ကွေ့နှင့် အရှေ့မြောက်အရပ်မှ နက်စတောရီးယန်းဘာသာ (Nestorianism- ခရစ်ယာန်ဂိုဏ်းခွဲတစ်ခု)မှလွဲ၍ ခရစ်ယာန်ဝါဒ၏ အလွှမ်းမိုးနိုင်ဆုံးပုံစံမှာ မိုင်ယာဖီဆိုက်ဝါဒ (Miaphysitism) ဖြစ်သည်။ ရောမခေတ်ကာလများမှစ၍ ဤကျွန်းဆွယ်သည် ဂျူးလူမျိုးများအတွက် ရွှေ့ပြောင်း အခြေချရာနေရာဖြစ်ခဲ့သည်။ ထိုပြောင်းရွှေ့နေထိုင်ခြင်းများသည် အစ္စရေးနိုင်ငံပြင်ပ၌ ပျံ့နှံ့နေထိုင်ခြင်းများကို ဖြစ်ပေါ်လာစေကာ ဒေသတွင်း ဘာသာအယူပြောင်းလဲမှုများ ထပ်တိုးဖြစ်ပေါ်စေခဲ့သည်။ ထပ်မံ၍ ဆန်ဆေးနီးယန်းအင်ပါယာ၏ လွှမ်းမိုးခြင်းများကလည်း အီရန်ဘာသာတရားများကို ထိုကျွန်းဆွယ်၌ တည်ရှိနေစေခဲ့ရာ ဇိုရိုရက်စထရာဘာသာသည် အရှေ့နှင့် တောင်အရပ်၌ တည်ရှိခဲ့၍ တစ်ဖက်တွင် မက္ကာ၌ မန်နီခီးဘာသာ (Manichaeism) (သို့) ဖြစ်နိုင်သည့်နောက်ဘာသာတစ်ခုမှာ မက်ဇ်ဒက်ဘာသာ (Mazdakism) ကိုလိုက်နာကျင့်သုံးနိုင်စေခဲ့သည်။