စိုက်ပျိုးမွေးမြူရေး
အသုံးဝင်သောထုတ်ကုန်များ ထောက်ပံ့ပေးနိုင်ရန် အပင်နှင့် တိရစ္ဆာန်များ စိုက်ပျိုးမွေးမြူခြ / From Wikipedia, the free encyclopedia
စိုက်ပျိုးမွေးမြူရေး ဆိုသည်မှာ အပင်များနှင့် ကျွဲနွားတိရစ္ဆာန်များကို ကြီးထွားအောင် မွေးမြူစိုက်ပျိုးခြင်းကို ခေါ်သည်။ [1] စိုက်ပျိုးမွေးမြူရေးသည် အတည်တကျနေထိုင်သော ယဉ်ကျေးမှုလောကများ ထွန်းကားလာခြင်း အတွက် အရေးပါသော ဖွံ့ဖြိုးမှုတစ်ခု ဖြစ်သည်။ လူတို့သည် ယဉ်ပါးအောင် ပြုလုပ်ထားသော မျိုးစိတ်များကို စိုက်ပျိုးမွေးမြူခြင်းဖြင့် အစားအစာ အပိုအလျှံများ ရရှိလာပြီး လူတို့အနေနှင့် မြို့ကြီးများတွင် အခြေချနေထိုင်နိုင်လာကြသည်။ စိုက်ပျိုးမွေးမြူရေး၏ သမိုင်းကြောင်းသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကပင် စတင်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၅,၀၀၀ ခန့်တွင် လူတို့သည် ကောက်ပဲသီးနှံရိုင်းများကို စုဆောင်းရယူသည့် အလေ့အထ ပေါ်ပေါက်လာခဲ့ပြီးနောက် လွန်ခဲ့သော နှစ် ၁၁,၅၀၀ ခန့်မှ စတင်၍ အစကနဦး လယ်သမားများမှ စတင်စိုက်ပျိုးခဲ့ကြသည်။ ဝက်များ၊ သိုးများ နှင့် ကျွဲနွားများကို လွန်ခဲ့သော နှစ်ပေါင်း ၁၀,၀၀၀ ကျော်မှစ၍ ယဉ်ပါးအောင် မွေးမြူခဲ့ကြသည်။ အပင်များကို ကမ္ဘာပေါ်ရှိ တစ်ခုနှင့်တစ်ခု ဆက်စပ်မနေသော ဒေသ အနည်းဆုံး ၁၁ ခုတွင် စတင်စိုက်ပျိုးခဲ့ကြသည်။ ၂၁ ရာစုအတွင်း သီးနှံတစ်မျိုးတည်းကို အကြီးအကျယ် စိုက်ပျိုးထုတ်လုပ်သော စီးပွားဖြစ်စိုက်ပျိုးရေးလုပ်ငန်းများသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၏ အထွက်နှုန်းကို လွှမ်းမိုးခဲ့သော်လည်း လူပေါင်း သန်း ၂ ထောင်ခန့်မှာ ၂၁ ရာစု ရောက်သည် အထိ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးကို အားထားနေရဆဲပင် ဖြစ်သည်။
ခေတ်သစ် သီးနှံစိုက်ပျိုးရေးပညာ၊ အပင်ပျိုးထောင်ခြင်း နှင့် ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာ အစရှိသော စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများ နှင့် နည်းပညာတိုးတက်မှုတို့က သီးနှံ အထွက်နှုန်းကို အလွန်ပင် မြင့်တက်လာစေခဲ့သော်လည်း ဂေဟစနစ် နှင့် သဘာဝပတ်ဝန်းကျင်တို့ အပေါ်တွင် ကျယ်ပြန့်စွာ ထိခိုက်ပျက်စီးစေခဲ့သည်။ မျိုးစိတ် အကောင်းရွေးချယ် မွေးမြူခြင်း နှင့် တိရစ္ဆာန်မွေးမြူရေးပညာတွင် အသုံးပြုသော ခေတ်မီနည်းလမ်းများကြောင့် အသားအထွက်တိုးစေခဲ့သော်လည်း တိရစ္ဆာန်တို့၏ အကျိုးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတို့အတွက် စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများတွင် ကမ္ဘာကြီး ပူနွေးလာမှုအား သက်ရောက်စေခြင်း၊ ရေအောင်းလွှားများ လျော့နည်းလာစေခြင်း၊ သစ်တောပြုန်းတီးခြင်း၊ ပဋိဇီဝဆေးများအတွက် ခုခံမှုများ တိုးမြှင့်လာခြင်း နှင့် စီးပွားဖြစ် အသားထုတ်လုပ်ရေးကြောင့် ဟော်မုန်းများ တိုးပွားလာခြင်း တို့ ဖြစ်သည်။ အချို့သော နိုင်ငံများတွင် တားမြစ်ကန့်သတ်ထားသော်လည်း မျိုးရိုးဗီဇအား ပြုပြင်ထားသော သတ္တဝါများကို ကျယ်ပြန့်စွာ အသုံးပြုလာကြသည်။
အဓိက စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ထွက်ကုန်များကို အစားအစာ၊ ဖိုင်ဘာ၊ လောင်စာနှင့် ကုန်ကြမ်း (ဥပမာ ရာဘာ) ဟု အုပ်စုဖွဲ့နိုင်သည်။ အစားအစာများတွင် ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ စားသုံးဆီ၊ အသား၊ နို့ ၊ မှိုနှင့် ဥများ ပါဝင်သည်။ ကမ္ဘာပေါ်ရှိ လုပ်သားထု၏ ၃ ပုံ ၁ပုံသည် စိုက်ပျိုးမွေးမြူရေး ကဏ္ဍတွင် လုပ်ကိုင်ကြပြီး ဝန်ဆောင်မှုကဏ္ဍပြီးလျှင် ဒုတိယနေရာတွင် လိုက်သည်။ သို့သော်လည်း ရာစုနှစ်ပေါင်းများစွာအတွင်း ဖွံ့ဖြိုးပြီးနိုင်ငံများတွင် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ လုပ်သား အရေအတွက် သိသာစွာ လျော့ကျလာခဲ့သည်။