ထရိုဂျန်စစ်ပွဲ
ဒဏ္ဍာရီဆန်သော စစ်ပွဲ / From Wikipedia, the free encyclopedia
ဂရိဒဏ္ဍာရီတွင် ထရိုဂျန်စစ်ပွဲကို အခီးယန်ဇ် (Acha ခေါ် ဂရိများက ထရွိုင်မြို့ကို ဆင်နွှဲသည့် ဂရိဒဏ္ဍာရီ၌ ထရိုဂျန်စစ်ပွဲသည် အရေးပါဆုံးသော ဖြစ်ရပ်များထဲက တစ်ခုဖြစ်ပြီး များမြောင်လှသော ဂရိစာပေလက်ရာများမှတဆင့် ပြန်လည်ပြောပြကြသည့် အကြောင်းလည်းဖြစ်ကာ ထင်ရှားသည်မှာ ဟိုးမား၏ အိလိယဒ် ကဗျာရှည်ဖြစ်၏။ အိလိယဒ်ကဗျာလင်္ကာ၏ အဓိကအပိုင်း (စာအုပ် ၂-၂၃) တွင် ဆယ်စုနှစ်တစ်ခုမျှကြာညောင်းသော စစ်ပွဲ၏ ဆယ်နှစ်မြောက်၌ လေးရက်နှင့် နှစ်ညတာအဖြစ်အပျက်ကို ဖော်ပြထားသည်။ အောဒဆီကဗျာတွင် စစ်ပွဲပါသူရဲကောင်းတစ်ဦးဖြစ်သည့် အောဒစ်ဆီးယပ်စ်၏ စစ်အပြီး အိမ်ပြန်ခရီးစဉ်ကို ဖွဲ့ဆိုထားသည်။ ဤစစ်ပွဲ၏ အခြားသောအပိုင်းများကို အပိုင်းအစများအဖြစ်သာ ရှင်သန်ကျန်ရစ်ခဲ့သော ရှေးရှေးကဗျာလင်္ကာရှည်များစွာ၌ ။ စစ်ပွဲမှဖြစ်ရပ်များသည် ဂရိစာပေ၏ အလွမ်းအဆွေးပြဇာတ်၊ ဇာတ်လမ်းနှင့် အခြားလက်ရာများအတွက် အထောက်အပံ့ဖြစ်စေခဲ့သည့်အပြင် အောဗစ် နှင့် ဗားဂျစ်လ်တို့အပါအဝင် ရောမကဗျာဆရာများအတွက်လည်း ကုန်ကြမ်းသဖွယ်ဖြစ်စေခဲ့သည်။
ရှေးရှေးဂရိသားတို့ ယုံကြည်သည်မှာ ထရွိုင်မြို့သည် ဒါးဒါနဲ့လ်ဇ် (Dardanelles) ရေလက်ကြားအနီးတွင် တည်ရှိကာ ထရိုဂျန်စစ်ပွဲသည် ခရစ်တော်မဖွားမီ နှစ် ၁၂၀၀-၁၃၀၀ ခန့်က သမိုင်းဝင်အဖြစ်ပျက် ဟူ၍ဖြစ်သည်။ သို့ရာတွင် ၁၉ ရာစုအလယ်လောက်၌ စစ်ပွဲနှင့် မြို့ နှစ်ခုစလုံးအား သမိုင်းဝင်အဖြစ် ရှုမြင်သတ်မှတ်ခြင်း မရှိတော့ပေ။ ၁၈၆၈ တွင် ဂျာမန် ရှေးဟောင်းသုတေသနပညာရှင် ဟိုင်းနရစ် ရှလီမန် (Heinrich Schliemann) သည် ဖရန့်ခ် ကားလ်ဗာ့ (Frank Calvert) ကိုတွေ့ဆုံပြီးနောက် ဖရန့်ခ်က ရှလီမန်ကို ထရွိုင်မြို့သည် လက်ရှိ တူရကီနိုင်ငံ ဟစ်ဆားလစ်ခ် ရှေးဟောင်းမြို့ (Hisarlik) တွင် တည်ရှိကြောင်း ယုံကြည်စေရန် ပြောကြားခဲ့၏။[1] ရှလီမန်နှင့် အခြားသူများ၏ တူးဖော်ခြင်းများအပေါ် အခြေခံကာ ယခု၌ ပညာရှင်အများစုက ဤအဆိုကို လက်ခံခဲ့ကြပြီ ဖြစ်သည်။[2][3]
ထရိုဂျန်စစ်ပွဲနောက်ကွယ်တွင် သမိုင်းဝင် တကယ့်ဖြစ်ပျက်မှုရှိ၏၊ မရှိ၏ ဆိုသည်မှာ ယခုအထိ မဆုံးဖြတ်နိုင်သေးပေ။ ဟိုးမားဇာတ်လမ်းပုံပြင်များသည် မိုက်ဆီးနီဂရိသားတို့၏ စစ်ပွဲ၊ တိုက်ပွဲများကို ပေါင်းစပ်ရောနှောထားသည်ဟု ဆိုနိုင်သော်လည်းပဲ ပညာရှင်အများက ထရိုဂျန်ဇာတ်လမ်းတွင် သမိုင်ဝင် အဓိကအကြောင်းရှိသည်ဟူ၍ ယုံကြည်လက်ခံကြပေသည်။ ထရိုဂျန်စစ်ပွဲမှ ဇာတ်လမ်းများသည် သမိုင်းဝင် တိုက်ပွဲတစ်ခုမှ ယူငင်သည်ဟု ယူဆသောသူများက ထိုတိုက်ပွဲသည် ခေတ်ကာလအားဖြင့် ဘီစီ ၁၁ (သို့) ၁၂ ရာစုများဆီက ဖြစ်ပျက်ခဲ့သည်ဟု ခေတ်သတ်မှတ်ကြပြီး ဂရိစွယ်စုံပညာရှင် အဲရာတောစသန်နီးဇ် သတ်မှတ်ယူဆသော ခေတ် (ဘီစီ ၁၁၉၄-၁၁၈၄) ကိုပို၍ နှစ်ခြိုက်ကြသည်။ ထိုခေတ်ကာလသည် "ထရွိုင် ၇" (သတ်မှတ်ထားသော ရှေးဟောင်းသုတေသနအမည်) မြို့ အကြီးအကျယ် မီးလောင်ခံရခြင်းနှင့် ကြေးခေတ်နှောင်းပိုင်းပြိုကွဲခြင်း (ကြေးခေတ်မှ သံခေတ်အကူးအပြောင်း) ဟူသော ဆက်စပ်သက်သေအထောက်အထားများနှင့် အကြမ်းဖျင်း ပတ်သက်နေသည်။[4]