ဒုတိယ အယ်လီဇဘက် နန်းတက်ပွဲ
From Wikipedia, the free encyclopedia
ဒုတိယမြောက် အယ်လီဇဘက်ဘုရင်မ၏ နန်းတက်ပွဲကို ၁၉၅၃ခု ဇွန်လ ၂ရက်တွင် လန်ဒန်မြို့ ဝက်စမင်စတာကျောင်းတော်၌ ကျင်းပသည်။[1]
ဘုရင်မ အယ်လီဇဘက်နှင့် ကြင်ဖက်တော် အက်ဒင်ဗာရာမြို့စားတို့၏ နန်းတက်ပုံတူပန်းချီ | |
နေ့ရက် | ၂ ဇွန် ၁၉၅၃ (၁၉၅၃-၀၆-၀၂) |
---|---|
တည်နေရာ | လန်ဒန်မြို့၊ ယူနိုက်တက် ကင်းဒမ်း |
အသက် ၂၅နှစ်အရွယ် ဒုတိယ အယ်လီဇဘက်ကို ၁၉၅၂ခု ဖေဖော်ဝါရီလ ၆ရက်တွင် ခမည်းတော် ဆဋ္ဌမမြောက် ဂျော့ဘုရင် နတ်ပြည်စံ၍ များမကြာမီ အလုပ်အမှုဆောင် အကြံပေးအဖွဲ့က ဘုရင်မအဖြစ် ကြေညာကာ ခမည်းတော်၏ ထီးနန်းအရိုက်အရာကို ဆက်ခံစေသည်။ နန်းတက်ပြီးသည့်နောက် တစ်နှစ်ကျော်ကြာမှ နန်းတက်ပွဲ ကျင်းပသည်မှာ ရှေ့ဘုရင် အသုဘကိစ္စများအတွက် အချိန်ကာလတစ်ခုအထိ သတ်မှတ်ဆောင်ရွက်ရသည့် ထုံးတမ်းအစဉ်အလာအရ ဖြစ်သည်။ ပွဲအတွက် လိုအပ်သည်များ ပြင်ဆင်ရန် ကော်မတီဖွဲ့၍ အချိန်ယူ ဆောင်ရွက်ရန်အတွက်လည်း ဖြစ်သည်။[2]
နန်းတက်ပွဲအတွင်း ဘုရင်မသည် ကျမ်းသစ္စာကျိန်ဆိုရ၏၊ ရေစင်ဖျန်း၍ ဘိသိက်ခံရ၏၊ ဝတ်ရုံတော်နှင့် မင်းမြှောက်တန်ဆာများ ဆင်ယင်ရ၏၊ အင်္ဂလန်၊ စကော့တလန်၊ ဝေလနယ်၊ အိုင်ယာလန်မြောက်ပိုင်းတို့ ပါဝင်ဖွဲ့စည်းထားသော ပြည်ထောင်စုကြီး (ယူနိုက်တက် ကင်းဒမ်း)၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်၊ တောင်အာဖရိက၊ ပါကစ္စတန်၊ သီဟိုဠ် (ယခု သီရိလင်္ကာ) တို့၏ ထီးဆောင်းမင်းအဖြစ် ခံယူရ၏။[3]
အထိမ်းအမှတ်ပွဲများကို ဓနသဟာသနယ်မြေတစ်ဝန်း ကျင်းပကြပြီး၊ ဘွဲ့တံဆိပ်များလည်း သတ်မှတ်ချီးမြှင့်ပေးသည်။ ဗြိတိသျှ နန်းတက်ပွဲများအနက် ရုပ်မြင်သံကြားမှ အစအဆုံး ထုတ်လွှင့်ပြသသည့် တစ်ခုတည်းသော နန်းတက်ပွဲဖြစ်သည်။ ၁၉၃၇ခုနှစ် ခမည်းတော်နန်းတက်ပွဲမှာ ကျောင်းတော်အတွင်း ကင်မရာများ ယူဆောင်ရိုက်ကူးခွင့်မရခဲ့ပေ။ ဤပွဲသည် ၂၀ရာစုအတွင်း စတုတ္ထမြောက်နှင့် နောက်ဆုံးကျင်းပသော ဗြိတိသျှ နန်းတက်ပွဲဖြစ်သည်။ ခန့်မှန်းခြေ ယူရို ၁.၅၇ သန်း (၂၀၁၉တွင် ယူရို ၄၃,၄၂၇,၄၀၀ ခန့်) ကုန်ကျ၏။