အောက်တိုဘာတော်လှန်ရေး
From Wikipedia, the free encyclopedia
အောက်တိုဘာတော်လှန်ရေး (အင်္ဂလိပ်- The October Revolution) (ရုရှား - Октябрьская революция, Oktyabr'skaya revolyutsiya) ကို ရုရှားတော်လှန်ရေး (the Russian Revolution) ဟုလည်းကောင်း၊ နီမြန်းသောအောက်တိုဘာတော်လှန်ရေး (Red October ) ဟုလည်းကောင်း၊ မဟာအောက်တိုဘာဆိုရှယ်လစ်တော်လှန်ရေး (Great October Socialist Revolution) ဟုလည်းကောင်း၊ ဘော်ရှီဗစ်တော်လှန်ရေး (the Bolshevik Revolution) ဟုလည်းကောင်း လူသိများသည်။ ဂျူလီယန်ပြက္ခဒိန်အရ ၁၉၁၇ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်နေ့ (ဂရီဂေါ်ရီယန်းပြက္ခဒိန်အရ ၁၉၁၇ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့)တွင် ပီထရိုဂရက်မြို့၌ လက်နက်ကိုင်တော်လှန်မှုဖြင့် စတင်ခဲ့သည်။ ယင်းသည် ၁၉၁၇ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့သော တော်လှန်ရေးနောက်တဆင့်ဖြစ်ပြီး ရုရှားပြည်တော်လှန်ရေး၏ အစိပ်အပိုင်းတစ်ခုဖြစ်သည်။ ယာယီအစိုးရကိုဖြုတ်ချပြီး ဘော်ရှီဗစ်များကို အာဏာ ရရှိစေခဲ့သည်။ ယင်းတော်လှန်ရေးသည် ပီထရိုဂရက်မှတစ်ပါး အခြားမြို့များတွင် ဖြစ်ပွားခြင်းမရှိခဲ့သဖြင့် ၁၉၁၇မှ ၁၉၂၂ အထိ ရုရှာပြည်တွင်းစစ်ဖြစ်ပွားခဲ့သည်။ ၁၉၂၂တွင် ဆိုဗီယက်ပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ တော်လှန်ရေးကို ပီထရိုဂရက်မြို့မှ ဘော်ရှီဗစ်များက ဦးဆောင်ခဲ့ကြသည်။ အောက်တိုဘာလ ၂၄ရက်နေ့မှစ၍ အစိုးရအဆောက်အဦများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ကြပြီး အောက်တိုဘာလ ၂၅ရက်နေ့တွင် ဆောင်းရာသီနန်းတော် (ယာယီအစိုးရရုံး) ကို သိမ်းပိုက်လိုက်ကြသည်။