၂၀၁၉-၂၀ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု
From Wikipedia, the free encyclopedia
၂၀၁၉-၂၀ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (အင်္ဂလိပ်: 2019–20 coronavirus pandemic) သည် လတ်တလော ပြင်းထန် အသက်ရှုလမ်းကြောင်းရောဂါလက္ခဏာ ကိုရိုနာဗိုင်းရပ်စ် ၂ (SARS-CoV-2) ကြောင့် ဖြစ်ပွားသော ကိုရိုနာဗိုင်းရပ်စ် ရောဂါ ၂၀၁၉၏ လတ်တလောတွင် ဖြစ်ပွားနေဆဲ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်သည်။[2] တရုတ်နိုင်ငံ ဟူပေ့ခရိုင် ဝူဟန်မြို့၌ ၂၀၁၉ ဒီဇင်ဘာလတွင် စတင်ဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ခဲ့သည်။[3] ၂၀၂၀ စက်တင်ဘာ ၆ ရက်နေ့အထိ နိုင်ငံနှင့် နယ်မြေဒေသပေါင်း ၁၈၈ တွင် ဖြစ်ပွားသူပေါင်း ၂၆ သန်း ကျော်ရှိပြီး ၈၈၀,၀၀၀ ကျော် သေဆုံးခဲ့ကာ သက်သာပျောက်ကင်းသူ ၁၈ သန်းကျော် ရှိခဲ့သည်။[1] အဓိက ဖြစ်ပွားလျက်ရှိသော နေရာဒေသများတွင် တရုတ်ပြည်မကြီး၊ ဥရောပ၊ အီရန်၊ တောင်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့ ပါဝင်သည်။[1] ဥရောပတိုက်သည် ရောဂါဖြစ်ပွားရာ ဗဟိုချက် ဖြစ်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။[4] မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ (COVID-19) ရောဂါပိုး ကူးစက်ခံထားရသူ နှစ်ဦးအား ၂၀၂၀-မတ်လ-၂၃ တွင် စတင်တွေ့ရှိခဲ့သည်။[5]
၂၉ မေ ၂၀၂၄ အရ ၂၀၁၉–၂၀ ကိုရိုနာဗိုင်းရစ် ဖြစ်ပွားမှုပြ မြေပုံ
အတည်ပြုပြီး ဖြစ်ပွားသူ ၁၀,၀၀၀+
အတည်ပြုပြီး ဖြစ်ပွားသူ ၁,၀၀၀–၉,၉၉၉
အတည်ပြုပြီး ဖြစ်ပွားသူ ၁၀၀–၉၉၉
အတည်ပြုပြီး ဖြစ်ပွားသူ ၁၀–၉၉
အတည်ပြုပြီး ဖြစ်ပွားသူ ၁–၉
အတည်ပြုပြီး ဖြစ်ပွားသူ မရှိ | |
ရောဂါ | ကိုရိုနာဗိုင်းရပ်စ် ရောဂါ ၂၀၁၉ (COVID-19) |
---|---|
ဗိုင်းရပ်စ် ဗီဇ | လတ်တလော ပြင်းထန် အသက်ရှုလမ်းကြောင်းရောဂါလက္ခဏာ ကိုရိုနာဗိုင်းရပ်စ် ၂ (SARS-CoV-2) |
ပထမဆုံး ဖြစ်ပွားမှု | ဝူဟန်မြို့၊ ဟူပေ့ခရိုင်၊ တရုတ်နိုင်ငံ 30°37′11″N 114°15′28″E |
အတည်ပြုပြီး | ၂၆.၉ သန်း+[1] |
ပြန်လည်ကောင်းမွန်သူ | ၁၈ သန်း+[1] |
သေဆုံးသူ | ၈၈၀,၀၀၀+[1] |
၎င်းဗိုင်းရပ်စ်ပိုးသည် လူအချင်းချင်းလည်း ကူးစက်တတ်သော အထောက်အထားများလည်း ရှိပြီးဖြစ်ရာ ကူးစက်သည့်အရေအတွက်[6]မှာ အာရှ-ပစိဖိတ်၊ မြောက်အမေရိက၊ ဥရောပမှ တိုင်းပြည်တချို့၏ ဖြစ်ပွားကြောင်းသတင်းထုတ်ပြန်မှုများနှင့်အတူ[7] ၂၀၂၀ ဇန်နဝါရီအလယ်ပိုင်းတွင် မြင့်တက်လာပုံပေါ်ခဲ့သည်။[8] ရောဂါပျိုးချိန်သည် ၂ ရက်မှ ၁၄ ရက်အတွင်းဖြစ်သည်။[9] ရောဂါလက္ခဏာမစတင်ချိန်ကပင် ကူးစက်တတ်ကြောင်းလည်း အထောက်အထားရှိ၏။[10]ကူးစက်ခံရသည့်ဤရောဂါသည် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုခက်ခဲခြင်း၊ ကြွက်သားများနာကျင်ခြင်းနှင့် မောပန်းနွမ်းနယ်ခြင်းတို့ကိုဖြစ်ပေါ်စေနိုင်၍ နောက်ဆက်တွဲဆိုးကျိုးများတွင် အဆုတ်ရောင်ခြင်း(pneumonia), ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာခက်ခဲခြင်းရောဂါလက္ခဏာအစု(acute respiratory distress syndrome)နှင့်အသက်သေဆုံးနိုင်ခြင်းလည်း ဖြစ်နိုင်သည်။[11]
ရောဂါမပြင်းထန်သည့်အခြေနေမျိုး၌ စုံစမ်းထောက်လှမ်း၍ မသိနိုင်သော်လည်း လူအတော်များများကို ကူးစက်ပြီးဖြစ်နိုင်သည်။[12][13] တရုတ်ပြည်ပြင်ပ ပထမဆုံးဒေသတွင်းကူးစက်မှုအဖြစ် ဗီယက်နမ်နိုင်ငံတွင် ဖခင်မှ သားဆီသို့ ကူးစက်ခဲ့သည်။[14] မိသားစုအတွင်းမဟုတ်ဘဲ တရုတ်ပြည်ပြင်ပ ဒေသတွင်းကူးစက်မှုမှာ ဇန်နဝါရီ ၂၂ ဂျာမနီတွင် တရုတ်လုပ်ငန်းရှင် အလည်ပတ်ရောက်လာသူမှ ဂျာမန်အမျိုးသားတစ်ယောက်သို့ မြူးနစ်မြို့အနီး အစည်းအဝေးပွဲတစ်ခု၌ ကူးစက်ခဲ့သည်။[15]
ရင်ဆိုင်တုံ့ပြန်သောအားဖြင့် အဝေးပြေးဘက်စ်ကားများ၊ လေကြောင်း၊ ရထားဖြင့်ပြင်ပသို့ခရီးသွားခြင်း၊ မြို့တွင်းပို့ဆောင်ရေးများ ရပ်နားထားမှုအပါအဝင် ဟူပေ့ခရိုင်နှင့်အနီးရှိ ပေါင်းစပ်လူဦးရေ ၅၇ သန်းကျော်သော ဝူဟန်မြို့နှင့် တစ်ခြား (၁၅)မြို့များကို တစ်စိတ်တစ်ပိုင်း (သို့) အပြည့်အဝ သွားလာခြင်းများ ပိတ်ပင်ထားသည်။[16][17][18][19] ရိုးရာဘုရားကျောင်းပွဲတော်များ၊ ဘေဂျင်းမြို့ တားမြစ်ထားသော မြို့တော်(Forbidden City)အပါအဝင် နှစ်သစ်ကူးပွဲတော်များ၊ ခရီးသွားဆွဲဆောင်ရာနေရာများကို ရောဂါပြန့်ပွားမှုကိုစိုးရိမ်၍ ပိတ်ထားခဲ့ကြသည်။[20] ဟောင်ကောင်ကလည်း ဤကူးစက်ရောဂါပြန့်ပွားမှုကို အမြင့်ဆုံးအဆင့်ဖြင့်တုန်ပြန်လုပ်ဆောင်၍ အရေးပေါ်အခြေနေကြေညာပြီး ကျောင်းများကို ဖေဖော်ဝါရီလအလယ်ထိ ပိတ်ခြင်း၊ နှစ်ကူးပွဲတော်ကို ဖျက်သိမ်းခြင်းများပြုလုပ်ခဲ့သည်။[21][22]
နိုင်ငံအတော်များများကလည်း ဝူဟန်မြို့နှင့် ဟူပေ့ခရိုင်များကို ခရီးမသွားရန် တပ်လှန့်ထားပြီးဖြစ်သည်။[23] တရုတ်ပြည်မကြီးကို ခရီးသွားခဲ့သူများကို အနည်းဆုံးနှစ်ပတ်ကြာ ကျန်းမာရေးစစ်ဆေးရန်နှင့် ရောဂါလက္ခဏာပေါ်က ၎င်းတို့ကျန်းမာရေးဆိုင်ရာအဖွဲ့များကို သတင်းပို့ရန်အကြောင်းကြားထားသည်။ [24] ဗိုင်းရပ်စ်ပိုးသယ်ဆောင်သူဟု သံသယရှိသူတိုင်းကို မျက်နှာအကာသုံးရန်နှင့် ဆေးရုံဆေးပေးခန်းသို့ ကိုယ်တိုင်သွားရောက်မည့်အစား ဆရာဝန်ကို တိုက်ရိုက်ခေါ်ရန်အကြံပြုထားသည်။[25] တရုတ်ပြည်မှသူများ (သို့) တရုတ်ပြည်တွင် ကြိုတင်ခန်းယူထားခြင်းအတွက် အခကြေးငွေမယူဘဲ ဖျက်သိမ်းပေးခြင်း ပြန်အမ်းငွေပေးခြင်းစသောအရာများကို ဟိုတယ်တချို့က လုပ်ဆောင်နေခဲ့ကြသည်။[26] လေဆိပ်၊ ဘူတာရုံများတွင် ခန္ဓာကိုယ်အပူတိုင်းကိရိယာများတပ်ဆင်၍ ရောဂါပိုးသယ်ဆောင်လာသူများကို ခွဲခြားနိုင်ရန်ကျန်းမာရေးအသိပေးကြေညာခြင်း၊ သတိပေးဆိုင်းဘုတ်များထောင်ခြင်းစသည်တို့ကို လုပ်ဆောင်နေသည်။[27] ဇန်နဝါရီ ၃၀ တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က နိုင်ငံတကာစိုးရိမ်မှု၏ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ(Public Health Emergency of International Concern)ကြေညာကာ ဤသို့ဆုံးဖြတ်ကြေညာရခြင်းမှာ ကျန်းမာရေးအဆောက်အအုံနိမ့်ကျသော နိုင်ငံများသို့ ပြန့်နှံ့လျှင် ရောဂါဖြစ်စေသောဗိုင်းရပ်စ်ပိုးက ဖြစ်စေနိုင်သော အကျိုးသက်ရောက်မှုအပေါ် အခြေခံပါသည်ဟု ရှင်းလင်းပြောကြားခဲ့သည်။[28][29][30][31]