စနူကာ
From Wikipedia, the free encyclopedia
စနူကာ (အင်္ဂလိပ်: snooker) သည် ဒုတိယပိုင်း ဆယ့်ကိုးရာစုတွင် အိန္ဒိယနိုင်ငံ၌ စခန်းချလျက် ရှိသော ဗြိတိသျှစစ်သားများကြား စတင်ဖြစ်ပေါ်လာခဲ့သည့် ဘိလိယက် (cue sport - ကျူတံဟုခေါ်သော တုတ်ဖြင့် ထိုး၍ ကစားရသော) အားကစားနည်း တစ်မျိုးဖြစ်သည်။ အဝတ်စိမ်း (သို့) အစိမ်းရောင် သက္ကလတ်စ ခင်းထားသော ထောင့်မှန်စတုဂံခုံပေါ်တွင် ကစားရ၍ ထောင်လေးထောင့်နှင့် စတုဂံပုံ၏ အလျှားပိုရှည်သော ဘေးဘက်နှစ်ခြမ်း၏ အလယ်တွင် ကျင်း (သို့) အပေါက်များ (pockets) ရှိသည်။ ကျူတံ (cue stick) နှင့် ရောင်စုံဘောလုံး (၂၁) လုံးကို အသုံးပြု၍ ကစားသူသည် အဖြူရောင်ဘောလုံး (cue ball - တိုက်လုံး၊ ဒိုးလုံး) ကို ထိုးကာ ခုံပေါ်ရှိ ဘောလုံးများအား ကျင်းအတွင်းသို့ အစီစဉ်အတိုင်း ဝင်စေရမည်ဖြစ်သည်။ ဤသို့ဖြင့် အမှတ်များ (points) ဖြည်းဖြည်းချင်းရရှိလာမည်။ အမှတ်အများဆုံးရရှိသော ကစားသမားသည် ပွဲငယ် (frame) တစ်ပွဲကို အနိုင်ရရှိသူ ဖြစ်သည်။ ကြိုတင်သတ်မှတ်ထားသော ပွဲငယ်အရေအတွက်ကို အနိုင်ရရှိသည့် ကစားသမားသည် ပွဲစဉ်တစ်ပွဲ (match) ကိုအနိုင်ရရှိသည်။
ကမ္ဘာ့ချန်ပီယံ သုံးကြိမ်ရရှိထားသော 'မာ့ခ် ဆဲလ်ဘီ' လေ့ကျင့်နေပုံ။ | |
စီမံကြီးကြပ်သည့် အမြင့်ဆုံးအဖွဲ့အစည်း | ကမ္ဘာ့အဆင့်မြင့် ဘိလိယက်နှင့် စနူကာအဖွဲ့ (WPBSA) နိုင်ငံတကာ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် (IBSF) |
---|---|
ပထမဆုံးကစားခဲ့ | ၁၈၇၅၊ အိန္ဒိယနိုင်ငံ။ |
ဝိသေသလက္ခဏာများ | |
ထိတွေ့မှု | မရှိ။ |
ကဏ္ဍ | ဘိလိယက်အားကစားနည်း (တုတ်တံအသုံးပြု ကစားရသော အားကစား) |
ကိရိယာ | စနူကာခုံ၊ စနူကာဘောလုံးများ၊ ကျူတံ, Triangle, chalk |
ကျင်းပကွင်း | စနူကာရုံ (သို့) ခန်းမ |
အိုလံပစ် | နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) အသိအမှတ်ပြု[1] |
အိန္ဒိယနိုင်ငံ၊ တမီးလ် နာဒူပြည်နယ်၊ ဦးတည်မြို့ (Ooty) တွင် စခန်းချနေသော စစ်တပ်အရာရှိ 'ဆာ နဗီး ချိန်ဘာလင်' (၁၈၅၆-၁၉၄၄) သည် ပိရမစ်ပူးလ် (pyramid pool) နှင့် ဘလက်ပူးလ် (black pool) ကိုပေါင်းစပ်ထားသော စည်းမျဉ်းများကို (စနူကာအတွက်) တီထွင်ခဲ့သည့်နှစ် ၁၈၇၅တွင် စနူကာအားကစားသည် ၎င်း၏ အသွင်သဏ္ဌာန်ကို ရရှိလာခဲ့သည်။ 'စနူကာ' (snooker - စနူးကာ) စကားလုံးသည် နှစ်ချို့ တပ်အသုံးအနှုန်းဖြစ်၍ အတွေ့အကြုံမရှိသော (သို့) ပထမနှစ်သက်တမ်းသာရှိသေးသော တပ်သားကို ခေါ်ဝေါ်သည့် စကားလုံးဖြစ်သည်။ ဤအားကစားမှာ ယူနိုက်တက်ကင်းဒမ်း တွင် လူကြိုက်များလာကာ 'ဘိလိယက် အသင်းနှင့် ကြီးကြပ်ကလပ်' ကို ၁၉၁၉ တွင် ဖွဲ့စည်းခဲ့သည်။ ယခုအချိန်တွင် 'ကမ္ဘာ့ အဆင့်မြင့် ဘိလိယက်နှင့် စနူကာ အဖွဲ့' (World Professional Billiards and Snooker Association - WPBSA) က စီမံလျက် ရှိသည်။
ကမ္ဘာ့စနူကာ ချန်ပီယံပြိုင်ပွဲများကို ၁၉၂၇မှစ၍ ယနေ့ထိတိုင် ကျင်းပလာခဲ့ကြသည်။ ဤအားကစားလောက အစပိုင်း ဖွံ့ဖြိုးတိုက်တက်အောင် ဆောင်ရွက်ရာတွင် အဓိက ဦးဆောင်ခဲ့သူ ဂျိုးဒေးဗစ်သည် ၁၉၂၇ မှ ၁၉၄၆ အထိ (၁၅)ကြိမ် ဆက်တိုက် ချန်ပီယံဖြစ်ခဲ့သည်။ 'ပေါ့ဘလက်' (Pot Black) အမည်ဖြင့် ဘီဘီစီက ရုပ်သံအစီအစဉ် ထုတ်လွှင့်ပြီးနောက် ၁၉၆၉ ၌ 'ခေတ်သစ်'ကာလ စတင်ခဲ့ကာ ၁၉၇၈ ကမ္ဘာ့ချန်ပီယံ စနူကာပြိုင်ပွဲကို စတင် တိုက်ရိုက်လွှင့်ခဲ့သည်။ ဤအားကစား၏ အဓိကပုဂ္ဂိုလ်များမှာ ၁၉၇၀နှစ်များတွင် ရေး ရီယာဒန် (Ray Reardon) ၊ ၁၉၈၀နှစ်များ၌ စတိဗ် ဒေးဗစ် (Steve Davis) ၊ ၁၉၉၀ နှစ်များတွင် စတီးဗန် ဟန်ဒရီ (Stephen Hendry) တို့ဖြစ်ကြ၍ ကမ္ဘာ့ချန်ပီယံ ခြောက်ကြိမ် (သို့) ခြောက်ကြိမ်ထက်ပိုမို ရရှိခဲ့ကြသည်။ ၂၀၀၀ ပြည့်နှစ်မှစ၍ ရော်နီ အို ဆူလစ်ဗန်သည် ကမ္ဘာ့ဆုတံဆိပ်အများစုကို ဆွတ်ခူးနိုင်ခဲ့ပြီး ကမ္ဘာ့ချန်ပီယံ ငါးကြိမ် ရရှိထားသည်။ ထိပ်တန်း အဆင့်မြင့် ကစားသမားများသည် ကမ္ဘာတလွှား၌ ပုံမှန်အနေဖြင့် ယှဉ်ပြိင်ကစားကြလျက် ရှိပြီး 'ကမ္ဘာ့ စနူကာ ပြိုင်ပွဲခရီးစဉ်' တွင် ပေါင်သန်းပေါင်းများစွာ ရရှိကြသည်။ ထိုပြိုင်ပွဲများ၌ ကမ္ဘာအနှံ့မှ ကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြသည်။